အကြားအာရုံ ချို့တဲ့ခြင်း
အကြားအာရုံဆုံးရှုံးခြင်းဟာ ယာယီဖြစ်တာရှိသလို ရာသက်ပန်ဖြစ်တာလည်း ရှိပါတယ်။ မွေးရာပါ အကြားအာရုံချို့တဲ့တာလည်း ရှိပါတယ်။
အကြားအာရုံဆုံးရှုံးနိုင်သော အချက်များ
အကြားအာရုံ ဆုံးရှုံးခြင်းဟာ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်ပေါ်နိုင်သလို အသက်အရွယ်မရွေးလည်း ဖြစ်ပွားနိုင်ပါတယ်။ အောက်ပါအကြောင်းအရင်းတွေကြောင့် ဖြစ်နိုင်ခြေပိုများပါတယ်။
- နားအတွင်း ပိုးတွယ်ခြင်း (သို့) အရည်ဝင်ခြင်း
- ကိုယ်ဝန်ဆောင်စဥ် မိခင်အပေါ် ထိခိုက်စေတဲ့ အချက်၊ မွေးဖွားစဥ် ကလေးအပေါ် သက်ရောက်မှု၊ မျိုးရိုးဗီဇ၊
- ဦးခေါင်းကို ထိခိုက်မိခြင်း၊ ဦးနှောက် အမြှေးပါးယောင်စေသည့်ရောဂါများ၊
- ဆေးဝါးအချို့၊
- အသက်အရွယ်ကြီးမြင့်ခြင်း
- ဆူညံသံများ
- နားဖာချေးများ ပိတ်ဆို့နေခြင်း
- နားအတွင်း အကြိတ်များ၊ မူမမှန်သောအရိုးများ ဖြစ်ပေါ်ခြင်း
- နားစည်ပေါက်ခြင်း
အကြားချို့ယွင်းခြင်း အမျိုးအစားများ
၁) Conductive Hearing Loss
ကြားရတဲ့အသံက ပျော့တယ် (သို့) အသံကို သဲသဲကွဲကွဲ မသိတော့ပါ။ အသံလှိုင်းများကို လက်ခံကာ ခွဲခြားပေးနိုင်တဲ့ နားအတွင်းရှိ အာရုံခံဆဲလ်များဆီသို့ မရောက်နိုင်တော့ခြင်းကြောင့် ဖြစ်ပါတယ်။ နားရဲ့ အပြင်ပိုင်းနဲ့ အလယ်ပိုင်းကို ထိခိုက်မိခြင်း၊ နားအစိတ်အပိုင်းများ ပုံစံမှားယွင်းစွာ ဖြစ်တည်လာခြင်းတို့တွင် Conductive Hearing Loss ခံစားရတတ်ပါတယ်။
၂) Sensorineural Hearing Loss
အသံကို တလွဲကြားပါတယ်။ နားအတွင်းပိုင်းနဲ့ အကြားအာရုံကြောများ ပျက်စီးယိုယွင်းကာ ဦးနှောက်ဆီကို မှန်မှန်ကန်ကန်မဆက်သွယ်နိုင်တော့ခြင်းကြောင့် ဖြစ်ပါတယ်။ နားအတွင်းပိုင်းမှာ ထိခိုက်ခံရခြင်း၊ မှားယွင်းစွာဖြစ်တည်လာတတ်တဲ့ ပုံစံအနေအထားကြောင့် Sensorineural Hearing Loss ဟုခေါ်တွင်ပါတယ်။
၃) Mixed Hearing Loss
Conductive ရော Sensorineural ရော ပေါင်းစပ်ထားတဲ့ အကြားအာရုံချို့ယွင်းခြင်း ဖြစ်ပါတယ်။
လက္ခဏာရပ်များ
အကြားအာရုံဆုံးရှုံးတော့မယ်ဆိုတဲ့ နိမိတ်ပြသနေတဲ့ လက္ခဏာတွေကတော့ အောက်ပါအတိုင်းပါပဲ။
- စကားသံနဲ့ အခြားသောအသံများ မသဲကွဲတော့ခြင်း
- လူကြားထဲ (သို့) ဆူညံသံများကြား စကားကို နားလည်ဖို့ ခက်ခဲခြင်း
- ဗျည်းအက္ခရာသံများ ကြားဖို့ ခက်ခဲလာခြင်း
- သူတစ်ပါးကို ဖြည်းဖြည်း၊ ကျယ်ကျယ် စကားပြောဖို့ မကြာခဏ တောင်းဆိုရခြင်း
- စကားဝိုင်းထဲတွင် ရှောင်ဖယ်ချင်လာခြင်း
အကြားအာရုံချို့တဲ့မှုဟာ မိမိတို့ရဲ့ ဘဝတစ်စိတ်တစ်ပိုင်းကို ထိခိုက်စေပါတယ်။ အသက်ကြီးသော အဘိုးအဘွားများ အကြားအာရုံလျော့ကျမှုကြောင့် စိတ်ဓာတ်ကျကာ တစ်ကိုယ်တည်း အထီးကျန်တတ်ပါတယ်။
အသက်ကြီးလာရင် နားမလေးစေဖို့
အသက်အရွယ် ကြီးရင့်လာချိန်မှာ အကြားအာရုံမဆုံးရှုံးစေဖို့ဆိုရင် အောက်ပါနည်းလမ်းတွေကို လိုက်နာပြီး ဂရုတစိုက်နေထိုင်သွားဖို့ လိုအပ်ပါတယ်။
- မိမိနားကို ယခုကတည်းက ကာကွယ်ပါ။ ဆူညံသံများနဲ့ ထိတွေ့ချိန်၊ ပြင်းအားကို လျှော့ချပါ။ အလုပ်ထဲ၌ ရှောင်မရတဲ့ ဆူညံသံများကို ပလက်စတစ်နားအဆို့များ (သို့) နားအကာအကွယ်များ အသုံးပြုခြင်းဖြင့် ကာကွယ်ပါ။
- မိမိရဲ့ အကြားစွမ်းရည်ကို ရံဖန်ရံခါ စစ်ဆေးပေးပါ။
- ဆူညံတဲ့ ပွဲသဘင်များ၊ စက်ပစ္စည်း ဆူညံသံများနှင့် တတ်နိုင်လျှင် ဝေးဝေးမှာ နေပါ။
အကယ်၍ နားတစ်ဖက်ထဲ၌ ရုတ်တရက် အကြားအာရုံ ချို့ယွင်းခဲ့ရင် အမြန်ဆုံး နား၊နှာခေါင်း၊ လည်ချောင်းအထူးကု သွားရောက်ပြသပါ။
ရေးသားသူ - ဒေါက်တာ မေမြတ်